Showing posts with label ဂျပန်နိုင်ငံ. Show all posts
Showing posts with label ဂျပန်နိုင်ငံ. Show all posts

မိုမိဂျိခရီးစဉ်

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်။



အခုအချိန်ဟာ ဆောင်းဦးရာသီဖြစ်လို့ ဂျပန်နိုင်ငံမှာ တောတောင်သဘာဝတွေဟာ အရမ်းကို လှပလာပါသည်။ ဒီနိုင်ငံမှာတွေ့ရတဲ့ မိုမိဂျိဆိုတဲ့ မေပယ်လ်ရွက်တွေဟာ ဒီအချိန်မှာ အရောင်စပြောင်းတတ်လို့ အပင်ကြည့်သူတွေနဲ့ အရမ်းကိုစည်ကားတတ်တဲ့အချိန်တစ်ခု ဖြစ်သည်။ ကျွန်တော်တို့ အိုဆာကာကျောင်းသားတစ်စုလည်း Volunteer အုပ်စုနဲ့အတူတူ ဒီမိုမိဂျိခရီးလေးကို စထွက်ဖြစ်ခဲ့ပါသည်။

မိုမိဂျိအရွက်တွေဟာ အရောင်စပြောင်းလာတဲ့အခါမှာ အနီရောင်ကိုပြောင်းလာတတ်ပါသည်။ ရှုခင်းအလှအပက နေ့နဲ့ညကွာခြားတတ်လို့ ညအခါမှာ ပိုမိုလှပတယ်လို့ ဆိုကြပါသည်။ ဒါကြောင့် ကျွန်တော်တို့ခရီးစဉ်ကို ညနေခင်း ၃ နာရီလောက်မှာ စတင်ထွက်ခွာလာခဲ့ပါသည်။ သွားမယ့်နေရာကတော့ ကျိုတိုဆီကိုပါ။

၁ နာရီသာသာလောက် ရထားစီးပြီးတဲ့နောက်မှာ ကျိုတိုမြို့ကို ဆိုက်ရောက်လာသည်။ ဂျပန်နိုင်ငံရဲ့ ရှေ့ဟောင်းမြို့တော်ဖြစ်ခဲ့တဲ့ ကျိုတိုဟာ ရှေ့ဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးနေခဲ့ပါသည်။ ကျွန်တော်တို့ သွားမည့်နေရာက kiyomizu temple ဆိုတဲ့ ဗုဒ္ဓဘာသာဘုံကျောင်းတစ်ခုပါ။ တောင်တွေရဲ့ အပေါ်မှာ တည်ထားတဲ့ ဒီကျောင်းကနေတဆင့်ကြည့်လိုက်ရင် ပတ်ဝန်းကျင်တခွင်လုံး မိုမိဂျိအရွက် အနီရောင်တွေနဲ့ လျှမ်းလျှမ်းတောက်နေတာကို မြင်တွေ့ရမှာပါ။ ဒီနေရာကနေပြီးတော့လည်း ကျိုတိုမြို့တခွင်ကို လှမ်းမြင်နေရပါသည်။ ညအခါဖြစ်သည့်အတွက် ညအလှကတော့ တကယ့်ကိုလှပနေခဲ့သည်။

အချိန်စောသေး၍လားမသိ။ မိုမိဂျိများအားလုံး အရောင်မပြောင်းသေးပါ။ တ၀က်တပျက်နီနေသော အပင်များ၏ အလှကိုလာရောက်ကြည့်ရှုသူတွေများလွန်းသဖြင့် ကျွန်တော်တို့နိုင်ငံက ဘုရားပွဲဈေးတန်းကို သတိရမိပါသည်။ ကျွန်တော်ကတော့ မိုမိဂျိထက် ခိရောမိဇု ဘုံကျောင်းကို ပိုမိုစိတ်ဝင်စားသည့်အတွက် ဒီအကြောင်းကို ပိုမိုလေ့လာမိပါသည်။ နိုင်ငံခြားကျောင်းသားများကတော့ သူတို့နိုင်ငံတွင် ကျောင်းတက်စဉ်ကတည်းက ဒီဘုံကျောင်းအကြောင်းကို အသေးစိတ်သင်ယူရသည်ဟုဆိုသည့်အတွက် နာမည်အလွန်ကြီးကြောင်း သတိပြုမိပါသည်။ သို့သော်လည်း မြန်မာနိုင်ငံသားကျွန်တော်ကတော့ တခါမှပင် မကြားဖူးသည့်အတွက် ဒီအကြောင်းကို လေ့လာဖို့ ဆုံးဖြတ်လိုက်မိသည်။ ကျွန်တော်လေ့လာတွေ့ရှိသလောက် တင်ပြပေးလိုက်ရပါသည်။

ဒီဘုံကျောင်းကို စတင်တည်ထောင်ခဲ့တာကတော့ ဟဲအိအန်းခောတ်အစောပိုင်း၊ သက္ကရာဇ် ၇၉၈ ခုနှစ်ဖြစ်သည့်အတွက် အလွန်ကို ရှေးကျနေပြီဖြစ်သည်။ ယခုလက်ရှိ အဆောက်အအုံကိုတော့ ၁၆၃၃ ခုနှစ်မှာ ပြန်လည်တည်ဆောက်ခဲ့သည်။ ခိရောမိဇုဆိုသည့် အဓိပ္ပါယ်ကတော့ သန့်ရှင်းကြည်လင်နေသောရေ ဆိုသော အဓိပ္ပါယ်ရှိသည်။ ဒီဘုံကျောင်းကို သံတစ်ချောင်းမှ မပါပဲ တည်ဆောက်ခဲ့သည်ဟု လေ့လာမိသည့်အတွက် ကျွန်တော်တို့ နိုင်ငံက မန္တလေးမြို့ ဦးပိန်တံတား (မန္တလေးမှာပဲ သံတစ်ချောင်းမှမပါပဲတည်ထားတဲ့ ကျောင်းတစ်ဆောင်ရှိပါသည်.. မမှတ်မိတော့ပါ..) ကို မျက်လုံးထဲ ကွက်ကနဲ ပြေးမြင်မိသည်။

အဲဒိုခောတ်မှာ ဒီဘုံကျောင်းကို များစွာသော ဘုရားဖူးများအတွက် ၀ရန်တာအကျယ်ကြီးဖြစ်အောင် ပြန်လည်တည်ဆောက်ခဲ့သည်။ သူငယ်ချင်းတစ်ယောက်ရှင်းပြသည့် ဒီဘုံကျောင်းပေါ်မှ ခုန်ချခြင်းကို နားလည်အောင် ဘယ်လိုကြိုးစားနားထောင်ပေမယ့် နားမလည်သည့်အတွက် ကိုယ်တိုင်ပဲ အင်တာနက်ပေါ်မှာ လေ့လာမိခဲ့သည်။ ဒီဘုံကျောင်းမှာ ၁၃ မီတာမြင့်တဲ့ စင်တစ်ခုရှိပါသည်။ အဲဒိုခောတ်ရဲ့ ထုံးတမ်းအရ ဒီစင်ပေါ်ကနေ ခုန်ချလိုက်လို့ အသက်ရှင်သန်ခဲ့မယ်ဆိုရင် တောင်းသမျှဆုတွေ ပြည့်သတဲ့။ အဲဒိုခောတ်ရဲ့ မှတ်တမ်းအရ ခုန်ချမှုပေါင်း ၂၃၄ ခုရှိခဲ့ပြီး ၈၅.၄% အသက်ရှင်တယ်လို့ဆိုပါသည်။ အခုအခါမှာတော့ ဒီလိုလေ့ကျင့်ခြင်းကို တားမြစ်ထားပါသည်။

၁၉၉၄ ခုနှစ်မှာ ဒီဘုံကျောင်းဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်များစာရင်းဝင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့အံဖွယ်အသစ်များစားရင်းထဲမှာ နောက်ဆုံးဇကာတင် ၂၁ ခုစာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိတ်ဆုံး ၇ ခုထဲမှာတော့ မပါဝင်ခဲ့ပါဘူး။ ဒီတောင်ပတ်လမ်းတလျှောက် အပင်ကြည့်ရင်း ဓါတ်ပုံရိုက်ရင်းနဲ့ ၂ နာရီလောက် အချိန်ကုန်ခဲ့အပြီး အပြန်လမ်းမှာ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဆင်းတုတော်နဲ့ အရမ်းကို တူလွန်းတဲ့ ဆင်းတုတော်တစ်ဆူတွေ့လို့ အလုအယက် ဓါတ်ပုံရိုက်မိရင်း ဂျပန်နိုင်ငံမှာ ထေရ၀ါဒရော မဟာယနပါ ရောပြွန်းနေတယ်ဆိုတဲ့စကားကို ကြားယောင်လိုက်မိပါသည်။ အခုအောက်မှာတော့ ကျွန်တော် လေ့လာမှတ်တမ်းတင်မိသမျှ ဓါတ်ပုံတွေကို ဝေမျှလိုက်ပါသည်။



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • Twitter
  • RSS
Read Comments

လေ့လာရေးခရီးတစ်ခေါက်

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့။

အိုဆာကာတက္ကသိုလ်ရဲ့ ကျောင်းအားလပ်ရက်တစ်ရက်။ နိုင်ငံခြားကျောင်းသားတွေ အတွက် လေ့လာရေးခရီးစဉ်တွေနည်းပါးလှတဲ့ ဒီတက္ကသိုလ်မှာ ဒီနေ့တော့ ထူးထူးခြားခြား ခရီးထွက်ဖို့ ဖန်လာပါသည်။ သတ်မှတ်လူဦးရေက ၃၅ ယောက်ပေမယ့် လိုက်ချင်တဲ့ကျောင်းသားတွေက များလွန်းတာကြောင့် ကျန်နေခဲ့သူတွေက အများကြီးပါပဲ။ မနက် ၉ နာရီခွဲမှာစထွက်ပြီး ညနေ ၅ နာရီခွဲမှာ ပြန်ေ၇ာက်မယ့် ဒီနေ့ ခရီးစဉ်မှာ သွားလေ့လာမယ့်နေရာတွေကတော့ Otowa Lightning Company နဲ့ Rokkosan Pasture ဆိုတဲ့ မွေးမြူရေးခြံတွေပဲ ဖြစ်ပါသည်။


Otowa Lightning Company

ဒီခရီးစဉ်က Graduate School of Engineering အတွက်ပဲ စီစဉ်တာကြောင့် Electronics ဆိုင်ရာ ကုမ္ပဏီကိုပဲ လေ့လာဖြစ်ခဲ့ပါသည်။


ဒီကုမ္ပဏီက မိုးကြိုးတွေကို ကာကွယ်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီပါ။ ကျွန်တော်တို့ နိုင်ငံမှာတော့ အထပ်မြင့်အဆောက်အအုံတွေမှာပဲ မိုးကြိုးလွှဲကို တပ်ဆင်လိုက်ရင်ကိုပဲ ဒါဟာကာကွယ်ပြီးသားလို့ ယူဆထားပေမယ့် အခုဒီမှာ လေ့လာပြီးတဲ့ နောက်ပိုင်းမှာတော့ ဒီထက်မကဘူးဆိုတာ သိလာရပါသည်။

အဆောက်အအုံတစ်လုံးမှာ မိုးကြိုးလွှဲတစ်လုံးကို တပ်ဆင်ထားသည်ဆိုပါစို့။ မိုးကြိုးပစ်တဲ့အခါမှာ မိုးကြိုးလွှဲကတဆင့် လျှပ်စီးဝင်တဲ့အတွက် အဆောက်အအုံကို မထိခိုက်နိုင်ပါဘူး။ အဲဒီ စီးဝင်သွားတဲ့ လျှပ်စီးတွေကို မြေကြီးထဲကို စီးဝင်သွားပြီးတဲ့နောက် မြေကြီးထဲကနေပြန်ပြီးတော့ ရာခိုင်နှုန်းတချို့သော လျှပ်စီးတွေ အဆောက်အအုံထဲကို ပြန်စီးဝင်သွားပါသည်။ ထိုစီးဝင်မှုက အဆောက်အအုံအတွင်းမှာရှိတဲ့ လျှပ်စစ်ပစ္စည်းတွေကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။

ထိုသို့ မထိခိုက်မပျက်စီးနိုင်ရန် Otowa မှ SPD လို့ခေါ်တဲ့ ပစ္စည်းကိရိယာလေးတွေကို ထုတ်လုပ်လိုက်ပြီး အဆောက်အအုံအတွင်းရှိ Switch Board တွေနဲ့အတူတူ တွဲဖက်တပ်ဆင်အသုံးပြုကြပါသည်။ ဒီအခါ မိုးကြိုးပစ်လို့ မြေကြီးထဲက လျှပ်စီးတွေ ပြန်စီးဝင်လာတဲ့အခါမှာ ဒီ SPD က အရင်ဆုံးကာကွယ်ပေးတဲ့အတွက် လျှပ်စစ်ပစ္စည်းတွေ ဆုံးရှုံးထိခိုက်မှု မရှိနိုင်ပါဘူး။




အထက်မှာပြထားတဲ့ပုံတွေက SPD မော်ဒယ်အမျိုးမျိုးပါ။


လေယာဉ်တစ်စီးကိုဖြတ်၍ လျှပ်စစ်စီးနေပုံ
ကုမ္ပဏီကို ၁၉၄၆ ခုနှစ်လောက်က စတင်တည်ထောင်ခဲ့တာကြောင့် အခုဆို အနှစ် ၆၀ ကျော်ခဲ့ပြီဖြစ်ပါသည်။ ကုမ္ပဏီအတွင်းမှာ ဒေါ်လာသန်းချီတန်တဲ့ မော်ဒယ်တွေ အမျိုးအမျိုးတည်ဆောက်ထားတာကိုတွေ့ရပါသည်။ မိုးကြိုးအတုတွေပြုလုပ်ပြီး စမ်းသပ်ပြတဲ့အတွက် ဘယ်လောက် အန္တရာယ်ကြီးတယ်ဆိုတာကို လက်တွေ့ပဲ တွေ့မြင်ခဲ့ရပါသည်။ ဒါ့အပြင် တခြားကုမ္ပဏီတွေရဲ့ လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုကိုလည်း စစ်ဆေးပေးတယ်လို့ သိရပါသည်။

Rokkosan Pasture

နောက်တစ်ခုကို ဆက်သွားဖြစ်တာကတော့ ကိုဘေးမြို့မှာရှိတဲ့ မွေးမြူရေးခြံတစ်ခြံကိုပဲ ဖြစ်ပါသည်။ တောင်ပေါ်မှာရှိတဲ့ ဒီခြံလေးကိုရောက်တော့ အတော့်ကို အုပ်အုပ်ဆိုင်းဆိုင်းနဲ့ စိတ်တွေ လန်းဆန်းသွားရပါသည်။




ဒီခြံလေးမှာ နေ့လည်စာစားပြီးတဲ့နောက် စတင်လည်ပတ်ခဲ့ပါသည်။ သိုးတွေကို ခြံအနှံ့လွှတ်ထားတာကို တွေ့ရလို့ ၀ိုင်းပြီး ဓါတ်ပုံရိုက်ခဲ့ကြသည်။ အုပ်ဆိုင်းတဲ့တောတွေ တောင်တွေကို ဖြတ်သန်းပြီးတဲ့နောက်မှာ နို့ထွက်ပစ္စည်းထုတ်လုပ်တဲ့နေရာကို ရောက်လာကြပါသည်။ မလိုင်၊ ချီးစ်၊ ထောပတ် စတာတွေ ပြထားသည်မှာ စားချင်စဖွယ်အလွန်ကောင်းလှသည်။

အဲဒီနောက် ရေခဲမှုန့်လုပ်နည်းကို ကျွန်တော်တို့အုပ်စု စတင်လေ့လာခဲ့ပါသည်။ တကယ့်ရေခဲမှုန့်လုပ်နည်းကတော့မသိ၊ ကျွန်တော်တို့ကို သင်ပေးတဲ့နည်းကတော့ တကယ့်ကို လွယ်ကူလွန်းလှသည်။ စုစုပေါင်းကြာချိန် ၂ မိနစ်တောင်မပြည့်ဟုထင်ပါသည်။ လုပ်ပြီးစားကြည့်တော့ အရသာသိပ်မရှိလှ။ ကြုံရင်စားသွားပါဦးလား။း)..
အဲဒီနောက်မှာတော့ အားလုံး ပင်ပန်းစွာပဲ အိပ်ပျော်ပြီး လိုက်ပါလာပါတော့သည်။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • Twitter
  • RSS
Read Comments